ကျွန်တော်၏ ကွန်ပျူတာတက္ကသိုလ် ကျောင်းသားဘဝ နှင့် အမှတ်တရများထဲမှ တချို့
ညဘက်အိပ်မပျော်၊ ပျောက်ဆုံးနေတဲ့အနာဂတ်အတွက် အတွေးလွန်၊ မူကြိုကျောင်းကြီးကို သတိရရင် ရေးသားခဲ့ပါသည်။
မြန်မာနိုင်ငံမှာ ကွန်ပျူတာကျောင်းသား တစ်ယောက်ဖြစ်ရတာ လွယ်သလား ဆိုရင် မခက်ခဲပင်မယ့် မလွယ်ဘူးလို့ပဲ ယူဆရပါမယ်၊ စာရေးသူကိုယ်တိုင်က တတိယနှစ်ကိုမှ တတိယနှစ် ကွန်ပျူတာသိပ္ပံကျောင်းသား တစ်ယောက်ပါ။ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) ဖြေပြီးအောင်စာရင်းထွက်လာတဲ့အခါ ဘယ်မေဂျာနဲ့ ကျောင်းဆက်တက်မလဲ စတွေးရတယ်၊ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်ငယ်ငယ်ကတည်းက နည်းပညာနဲ့ အသစ်အဆန်းတွေကို အရမ်းသဘောကျပါတယ်၊ ဘာကြောင့်လဲဆိုတာ သေချာမပြောပြတတ်ပင်မယ့်၊ ဖြစ်နိုင်တာကတော့ နယ်မှာကြီးပြင်းလာတာမို့ ထင်ပါတယ်။ နယ်မှာဆို တစ်ခါမီးလာရင် တစ်ရပ်ကွက်လုံး "ရေးးး" ဆိုပြီး ထအော်ကြတာပါ၊ တမြို့လုံးမှာ တီဗီနဲ့ ဂြိုဟ်တုစလောင်း(၈ပေ/၆ပေ) ရှိတဲ့ အိမ်ဆိုတာ လက်ချိုးရေးလို့ရပါတယ် (၂၀၁၃ မတိုင်ခင်ထိ)။ အဲ့လို မဖွံ့ဖြိုးတဲ့ မြို့ပြကြားမှာ နည်းပညာ(ဖုန်း၊ကွန်ပျူတာ) အသစ်အဆန်းတွေ့ရင် အရမ်းကလိပြီးလေ့လာချင်တဲ့စိတ်ကိုတော့ ထိန်းမရခဲ့ပါ(အကိုတွေဖုန်းကို သူတို့လစ်ရင် လစ်သလို ခိုးကလိခဲ့ရတာလဲ အမော ^_^ )။ ဆယ်တန်းအောင်တဲ့အခါကြတော့ အများစုက စီးပွားရေးလျှောက်ဆိုပြီးအကြံဝိုင်းပေးချိန်မှာ ကျွန်တော်က ဦးစားပေး ကွန်ပျူတာတက္ကသိုလ်ဆိုပြီး ရေးထည့်၍ ဖောင်းကိုစာတိုက်ကနေတင်ပြီးနေပါပြီ။ ထို့အချိန်မှစ၍ ....
ကွန်ပျုတာကျောင်းသားဖြစ်ရတဲ့ ဒုက္ခ
ယခုအချိန်ထိ (မြန်မာမှ)လူအများစုက ကွန်ပျုတာတက္ကသိုလ်ဆိုတာကြီးကို ဘာတွေသင်ကြားပို့ချလဲ သေချာမသိကြသေးပါ၊ ပထမဆုံး စတင်တွေ့ကြုံရတာကတော့ ကွန်ပျုတာအပြင်မှာတတ်လဲရတာပဲ အတတ်သင် ၄သောင်း ဆိုတာကြီးပါ။ အမှတ်ကောင်းပြီး အဲ့တာကြီးလျှောက်တာ တုံးလိုက်တာ (အမှန်တော့ ကျွန်တော့်ဆယ်တန်းအောင်မှတ်က ကောင်းတယ်လို့ယူဆရတဲ့အထဲ မပါဝင်ပါ၊ သို့သော်နယ်မှာဆို အဲ့လောက်ရတာက ကောင်းတယ်လို့ပြောကြပါတယ်)၊ ကွန်ပျုတာနဲ့ ကျောင်းပြီးရင် လုပ်စရာအလုပ်ရောရှိလို့လား၊ မိတ္တူဆိုင်ဖွင့်စားမို့လား နဲ့ အခြားဝေဖန်ချက်များ။ အဲ့တာတွေအတွက် ကျွန်တော်ဖြေရှင်းချက်နဲ့ ပြန်လည်ချေပပြောဆိုခြင်း မရှိခဲ့ပါ။ သူတို့က ကွန်ပျုတာတက္ကသိုလ်ဆိုတာ Windows ပေါ်မှာ right click နှိပ်ပြီး refresh တာ သင်ကြားတဲ့နေရာလို့ ထင်နေကြသူတွေမို့ပါ (တိုက်ဆိုင်ရင် ခွင့်လွှတ်)။ အမှန်တော့ ကိုယ့်ရည်မှန်းချက်နဲ့ဝါသနာတွေကြောင့် ကွန်ပျုတာတက္ကသိုလ်တတ်ဖို့ ဆုံဖြတ်ခဲ့တာပါ။
ဟတ်ကာကြီးဖြစ်ချင်လို့ ကွန်ပျုတာကို ရွေးချယ်ခဲ့ခြင်း
ပထမဆုံး အကြောင်းပြချက်ကတော့ ဘာမှန်းသေချာမသိတဲ့ ဟတ်ကာကြီးဖြစ်ချင်လွန်းလို့ပါ၊ ဒုတိယကတော့ Air-con အခန်းထဲ အေးအေးလူးလူး မော်နီတာကြီးရှေ့ထိုင်ပြီး အလုပ်လုပ်ရတာဆိုတဲ့ ဘယ်သူပြောလိုက်မှန်းမသိသောအချက်၊ နောက်တစ်ခုကတော့ စမတ်ကျကျ စတိုင်လ်ပင်၊တီရှုပ်နဲ့ ကျကျနန လက်ပ်တော့ပ်လေးကိုင်ပြီး ကျောင်းတက်ရတာလို့ ထင်ခဲ့တဲ့အချက်ပါ။
ကွန်ပျုတာတက္ကသိုလ်သို့ စတင်ရောက်ရှိချိန်
နယ်ကနေ ရန်ကုန်စရောက်တာက first year မှပါ။ ထင်ခဲ့သလို မဟုတ်ဘဲ စိမ်းပြာရင့်ရောင်လုံချည် ဆိုတာက ပြဿနာစတော့တာပါပဲ၊ လိုင်းကားဘယ်လိုစီးရမလဲမသိ၊ နေရာတွေမသိနဲ့ မနက်ကျောင်းသွားရင် လိုင်းကားပေါ် မှာ တိုးဝှေ့ရင် ပုဆိုးများကျွပ်ကျမလားဆိုတာက ပထမဆုံး တွေးမိတဲ့ အတွေးပါပဲ။ ကံကောင်းချင်တော့ ကျောင်းသွားအပ်ရင် ဖယ်ရီနဲ့ တခါတည်း ချိတ်မိခဲ့တာပါပဲ။ ပထမဆုံး စတက်တဲ့ရက်မှာ မနက်အစောကြီးထ ကျောင်းအပ်တုန်းက ဝယ်ထားတဲ့ စာအုပ်အထူးကြီးတွေအကုန် လွယ်အိတ်ထဲ ထည့်ပြီး ကားမှတ်တိုင်မှာအဆင်သင့် ဖယ်ရီစောင့်ပြီး ကျောင်းသို့ရောက်ရှိခဲ့ပါတယ် (ကျင့်သားမရသေးတော့ ၁နာရီကျော် ကားစီပြီးကျောင်းရောက်တဲ့အချိန်မှာ ကားမူးနေခဲ့ပါသေးတယ်)။ ကျောင်းကိုရောက်တဲ့အချိန် တွေးမိတာက ကွန်ပျုတာကျောင်းသူတွေ ချောလိုက်တာ ဆိုတာပါပဲ။ အဲ့အချိန်က နေရာသစ်မှာ အပေါင်းအသင်းမရှိတာကြောင့် သူငယ်ချင်း အရမ်းလိုချင်ခဲ့ပါသေးတယ် (ကိုယ်တိုင်ရခဲ့တဲ့ သင်ခန်းစာတွေကြောင့် ဘယ်တော့မှ အပေါင်းအသင်း အရမ်းမလိုချင်ပါနဲ့)။
လမ်းပျောက်ခဲ့သော နေ့ရက်များ
ကျွန်တော့်အတွက် first year တစ်နှစ်ကတော့ အတွေ့အကြုံအသစ်တွေနဲ့ လမ်းပျောက်အချိန်ကုန်ခဲ့တာပါပဲ။ ဖယ်ရီကို first semester တစ်ခုပဲစီးပြီး နောက်ပိုင်းမစီးဖြစ်တော့တဲ့ အချိန်မှာ ကျောင်းကနေ အိမ်ကို ပြန်ရောက်ဖို့ အတော်တိုင်ပတ်ခဲ့ရပါတယ်။ Google Maps ဖွင့်ပြီး လိုင်းကားတိုးစီး ဘယ်ရောက်မှန်းမသိနဲ့ နောက်ဆုံး ကြံရာမရ၊ တောင်ဥက္ကလာကနေ သုဝဏ္ဏအထိ Google Maps အတိုင်းလမ်းလျှောက်ခဲ့ရဖူးပါတယ်။ အပြင်မှာလမ်းပျောက်ခဲ့သလို စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလဲ လမ်းပျောက်ခဲ့ပါသေးတယ် (ထိုအချိန်တုန်းက ကျွန်တော့်ကြောင့် စိတ်အနှောက်အယှတ်ဖြစ်ခဲ့ရသူတွေရှိရင်လဲ ဒီစာထဲကနေပဲ တောင်းပန်လိုက်ပါတယ်)။ ဖြစ်ချင်တဲ့ ဟတ်ကာကြီး အိမ်မက်ကလဲ ဘယ်ဆီရောက်မှန်းမသိပျောက်ဆုံး၊ တက်ကြွတာနဲ့ ကြွတက်တာခြင်းအား ဝေခွဲမရ၊ နောက်ဆုံးဖြစ်ချင်ရာဖြစ်ဆိုပြီး ရေစုန်မျောခဲ့ပါတယ်။
လျှောက်ခဲ့တဲ့လမ်း မှားပြီလား
အချိန်တွေကုန်ပြီးနောက်မှာတော့ programmer ဖြစ်ဖို့ စတင် အကောင်းအထည်ဖော်ခဲ့ပါတယ်၊ ကျောင်းမှာသင်တဲ့စာကို စာမေးပွဲမှာဖြေဖို့ထက် လက်တွေ့အသုံးချဖို့ကိုပဲ ဦးစားပေးလုပ်ဖြစ်ခဲ့တယ်၊ First year, second semester exam ဖြေတဲ့အချိန်ထိ စိတ်ကြိုက်လေ့လာဖို့ ကိုယ်ပိုင် Laptop မရှိခဲ့ရာကနေ Laptop တစ်လုံးက လက်ထဲ မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့တယ်။ ပထမဆုံး စကိုင်တဲ့ Laptop က Asus i3 8th gen, RAM 4GB လေးနဲ့ပါ၊ ပြဿနာကတော့ အဲ့ laptop က အရမ်းဟမ်းတာပါ၊ လိုအပ်တဲ့ hardware ပိုင်းဆိုင်ရာ upgrade လိုဖို့ ထမင်းအငတ်ခံပြီး ပိုက်ဆံစုခဲ့ပြီးချိန်မှာတော့ programmer ဖြစ်ဖို့ စတင်ခဲ့ပါတော့တယ်။ ပထမဆုံးခြေလှမ်းတွေကတော့ ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်တွေနဲ့ နှစ်ပါးသွားခဲ့ရပါတယ်။ အဲ့လိုနဲ့ အချိန်တွေကုန်ခဲ့ရတာ UCSY မှာဖြေခဲ့သမျှ exam တိုင်းမှာ ကျွန်တော် 02 ကို grade-e နဲ့ အမြဲကျခဲ့ပါတော့တယ်။ အချိန်တွေကုန်လာခဲ့တာ ခုဆို တတိယနှစ်ကို တတိယနှစ်တောင် ရောက်ခဲ့ပါပြီ။ Coup d'état ကြောင့် ကျောင်းပြီး ဘွဲ့လက်မှတ်ရဖို့လဲ မမျှော်လင့်တော့သလို၊ အနာဂတ်လဲ ပျောက်နေပြီမို့ ဖြစ်ချင်ရာဖြစ် ရေစုန်ပြန်မျောနေခဲ့ရတာ ခုဆို (၇)လကျော်လာခဲ့ပါပြီ။
မူကြိုကျောင်းမှ အမှတ်တရများ
ကျောင်းကနေ လှော်ကား သွားလည်ခဲ့ရတဲ့အချိန်တွေ၊ ကျောင်းပွဲ နဲ့ နည်းပညာပွဲ တွေမှာ ပါဝင်ခဲ့ရတဲ့ အတွေ့အကြုံအမှတ်တရတွေ နဲ့ အခြား ထည့်သွင်းမရေးသားထားတဲ့ ပျော်စရာအမှတ်တရများစွာတွေက အဖိုးမဖြတ်နိုင်ပါဘူး။ အဲ့ထဲကမှ မိုးရာသီ ( may be first year) မှာ ကျောင်းသွားရင် ထီးမပါခဲ့ရတဲ့အဖြစ်အပျက်လေးတစ်ခုပါ ကိုယ့်ကြောင့် တပါးသူပါ ရောပြီး ဒုက္ခခံလိုက်ရတာမို့ ထည့်ရေးလိုက်ပါမယ်။ ကျောင်းရောက်တဲ့အချိန် ကျွန်တော်ထီးမပါလာခဲ့တာကြောင့် လိုင်းကား(96) ပေါ်ကနေ ဆင်းဆင်းချင် တွေ့တဲ့ ကောင်မလေးတစ်ယောက်ဆီက ထီးကပ်စောင်ခဲ့တာပါ (ဘယ်သူလဲတော့ သေချာမသိ၊ ကျွန်တော့်မျက်လုံးက amblyopia ဖြစ်နေတာရယ်၊ မျက်နှာတွေကို အလွယ်တကူ မမှတ်မိတာကြောင့်ပါ)၊ မိုးသည်းလွန်တာကြောင့် တော်ဝင်လမ်းတလျှောက် ကနေ main building ကိုရောက်တဲ့အချိန်မှာတော့ ကျွန်တော့်ထက် ထီးပိုင်ရှင်က တစ်ကိုယ်လုံး မိုးစိုနေခဲ့တာပါပဲ၊ ကံဆိုးချင်တော့ ကျောင်းထဲကို ဝင်လာပေးတဲ့ 94/97 ကားတွေကလဲ main building နားရောက်ခါနီးမှ တော်ဝင်လမ်းထဲ ဝင်လာခဲ့ပါတယ်။ အဲ့ထီးပိုင်ရှင်ကိုလဲ အဲ့တုန်းက မတောင်းပန်လိုက်ရတဲ့အတွက် ဒီစာထဲကနေပဲ တောင်းပန်လိုက်ပါတယ်။ Dance club မှာပထမဆုံး သွားခဲ့တာတွေရယ်၊ Fresher welcome ကပွဲမှာ ပါဝင်ခဲ့တာတွေကလဲ ပျော်စရာကောင်းတဲ့အမှတ်တွေပါပဲ။ အခုဆို တန်ဖိုးထားရမယ့်သူ၊ လိုအပ်တဲ့အချိန် အကူအညီပေးမယ့်သူငယ်ချင်းတွေနဲ့ အကယ်၍ ကွန်ပျုတာတက္ကသိုလ် မတက်ဖြစ်ခဲ့ရင် ဒီလို အဖြစ်အပျက်လေးတွေလဲ ရှိလာခဲ့မှာမဟုတ်သလို ခုချိန်တည်ရှိနေတဲ့ အလ်တို ဆိုတာမျိုးလဲ တည်ရှိနေမယ် မထင်။
ညဘက်အိပ်မပျော်၊ ပျောက်ဆုံးနေတဲ့အနာဂတ်အတွက် အတွေးလွန်၊ မူကြိုကျောင်းကြီးကို သတိရရင် ရေးသားခဲ့ပါသည်။ ဒီဘလော့်ကို အချိန်ကုန်ခံ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။