Back to posts
1 min read

ဘိုကလေးမြို့က တစ်ပဲလေးသုပ်

ဘိုကလေးမြို့သူမြို့သားတွေပဲ သိကြပြီး တခြားသူတွေကိုမေးရင် မသိတာများတဲ့ တစ်ပဲလေးသုပ်အကြောင်း

ဘိုကလေးမြို့က တစ်ပဲလေးသုပ်

တစ်ပဲလေးသုပ် သို့မဟုတ် တပဲလေးသုပ် ဆိုတာက မြစ်ဝကျွန်းပေါ် ဒေသတွေမှာသာ မြင်တွေ့ရပြီး၊ အခြားဒေသတွေမှာ လူသိနည်းတဲ့ ညှပ်ခေါက်ဆွဲအသုပ် တစ်မျိုးပဲဖြစ်ပါတယ်။ ယခုအခါ မြစ်ဝကျွန်းပေါ်ဒေသ ဘိုကလေးမြို့၌သာ တွေ့ရှိရပါတော့တယ်။

အမည်ခေါ်ဝေါ်လာပုံကတော့ ၄င်းအသုပ်ကို ပိုက်ဆံ တစ်ပဲ (၁ကျပ်ရဲ့ ၁၆ပုံ၊ ၁ပုံ) ဖြင့် ဝယ်ယူစားသုံးနိုင်တာကြောင့် တစ်ပဲလေးသုပ်ဟု ခေါ်ထွင်ခဲ့ကြောင်း ပါးစပ်ရာဇဝင်အရ သိရှိရပါတယ်။ တစ်ပဲ ဟူသော ငွေကြေးအခေါ်အဝေါ်ကြောင့် အင်္ဂလိပ်ခေတ် သို့မဟုတ် လွတ်လပ်ရေးရပြီးကာလ ကတည်းက စတင်ပေါ်ပေါက်ခဲ့တာလို့ ယူဆနိုင်ပါတယ်။


တစ်ပဲလေးသုပ်မှာ ဘာတွေပါဝင်လဲ

ညှပ်ခေါက်ဆွဲ၊ ငံပြားရည်၊ ပဲငံပြားရည်၊ ဆီ၊ ပုစွန်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ နနွင်း ဆား၊ အရောင်တင်မှုန့်၊ ဟင်းခတ်မှုန့်၊ ငရုတ်ကောင်းမှုန့်၊ မန်ကျည်းရည် နဲ့ ကျန်ဟင်းခတ်အမယ်တွေကတော့ စိတ်ကြိုက်လိုသလို ထပ်ထည့်နိုင်ပါတယ်။

ပြုလုပ်ပုံကတော့ ညှပ်ခေါက်ဆွဲကို ပဲငံပြားရည်အပျစ်နဲ့ နယ်ပြီး ဆီပူနဲ့ လှော်လိုက်ပါတယ်။

ပုစွန်အနှစ်အတွက် ကြက်သွန်ဖြူနီ၊ နနွင်းနှင့် အရောင်တင်မှုန့်တို့ကို ဆီသတ်ပြီး ပုစွန်နဲ့ ငံပြားရည်တို့ကို ထည့်၍ ဆီပြန်လာသည့်အထိ စောင့်ပေးရပါမယ်၊ လိုအပ်ပါက ရေထပ်ထည့်နိုင်ပါတယ်။

အရံဟင်းခါးအတွက်ကတော့ စိတ်ကြိုက်ပြုလုပ်ပါ။


အသုပ်သုပ်ပုံကတော့ လှော်ထားတဲ့ ညှပ်ခေါက်ဆွဲ၊ ပုစွန်အနှစ်၊ ပဲပင်ပေါက်၊ ကြက်သွန်နီ၊ နံနံပင်၊ မန်ကျည်းရည်၊ ငရုတ်သီးမှုန့်၊ ဟင်းခတ်မှုန့်နဲ့ အခြားနှစ်သက်ရာ အမယ်တို့ကို အချိုးကျထည့်နယ်ပြီး ဟင်းရည်ပူပူလေးနဲ့ စားသုံးကြပါတယ်။ အရသာကတော့ အရမ်းကောင်းပါတယ် (စာရေးသူ သိပ်ကြိုက်)။ တစ်ပဲလေးသုပ်က ညှပ်ခေါက်ဆွဲသုပ်ဆိုပင်မယ့် ထူခြားတာက အခြားအသုပ်တွေလို ဆီကျက်နဲ့ သုပ်တာမဟုတ်ဘဲ ပုစွန်အနှစ်နဲ့ သုပ်တာပါ။ ဘိုကလေးမြို့ကို ရောက်ရင် မိတ်ဆွေအနေနဲ့ ဝယ်စားကြည့်သင့်တဲ့ အသုပ်တစ်မျိုးပါပဲ။


မှတ်ချက်။ အဆိုပါ ပုံများသည် Google search engine မှဖြစ်ပြီး ဤဝက်ဘ်ဆိုဒ်မှတဆင့်ပြန်လည်အသုံးပြုထားခြင်းဖြစ်ပါသည်။